1/10/08

မြန်မာစာအဖွဲ့ဦးစီးဌာန
နိဒါန်း
၁။ မြန်မာအက္ခရာ မြန်မာစာအရေးအသားသည် ယခင်နှစ်ပေါင်း ၉၀၀ ခန့်ကပင် ပေါ်ထွန်းခဲ့ကြောင်း အများသူငါ တညီတညွတ်တည်း လက်ခံကျင့်သုံးနိုင်မည့် စာလုံးပေါင်းစနစ်၊ သတ်ပုံသတ်မှတ်ချက်များ (၁၉၆၀) ပြည့်နှစ်ကျော်ကာလအထိ မရှိခဲ့ပါ။
ထိုအားနည်းချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါအဖွဲ့တို့ကို အဆင့်ဆင့်ဖွဲ့စည်းခဲ့ပါသည်-
(က) ၁၉၆၃ ခုနှစ်တွင် မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကော်မရှင်ကို ဥပဒေ ပြဋ္ဌာန်း၍ ဖွဲ့စည်းသည်။
(ခ) ၁၉၇၁ ခုနှစ်တွင် အထက်ပါအဖွဲ့အစား မြန်မာစာကော်မရှင်အဖြစ် ဥပဒေ ပြဋ္ဌာန်း၍ ဖွဲ့စည်းသည်။
(ဂ) ၁၉၇၅ ခုနှစ်တွင် အထက်ပါကော်မရှင်ကို မြန်မာစာအဖွဲ့အဖြစ် ဥပဒေ ပြဋ္ဌာန်း၍ အစားထိုးဖွဲ့စည်းသည်။
(ဃ) ၁၉၈၁ ခုနှစ်တွင် မြန်မာစာအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်း၍ ယခင်က ရာထူးဌာနန္တရအရ အဖွဲ့တွင် ပါဝင်သူများအစား နိုင်ငံတော်က ခန့်အပ်သော နိုင်ငံသားအဖွဲ့ဝင်များဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
(င) ၁၉၈၉ ခုနှစ်တွင် မြန်မာစာအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း၍ အဖွဲ့၏လုပ်ပိုင်ခွင့်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဟူသောစကားရပ်ကို နုတ်ပယ်သည်။

ဖွဲ့စည်းရခြင်းရည်ရွယ်ချက်
၂။ မြန်မာစာအဖွဲ့ကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ပါသည်-
(က) မြန်မာဗျည်း သရ အက္ခရာ၊ မြန်မာဝေါဟာရတို့၏ စာလုံးပေါင်းသတ်ပုံ၊ အနက်အဓိပ္ပာယ်၊ အသံထွက် သဒ္ဒါနှင့် ဝါကျဖွဲ့ထုံးတို့ ထုံးမီစံမျှ မှန်ကန်တိကျစေရန်နှင့် အဓွန့်ရှည်စွာ တည်တံ့စေရန်
(ခ) မြန်မာစာဖွံ့ဖြိုးတိုးတက်စေရန်

တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၃။ အဖွဲ့၏တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) ဝေါဟာရပြည့်စုံသော စာလုံးပေါင်းသတ်ပုံအရာ၌ ထုံးမီစံမျှ ဖြစ်သော အနက်အဓိပ္ပာယ် မှန်ကန်တိကျသော၊ အကိုးအထောက် ခိုင်မာစုံလင်သော ခေတ်မီစနစ်ကျသော မြန်မာအဘိဓာန်များ ပြုစုခြင်း။
(ခ) မြန်မာစာအရေးအသား မှန်ကန်မှု၊ ရှင်းလင်းမှု၊ ကျစ်လစ်မှု၊ ထိမိမှုကို အထောက်အကူ ဖြစ်စေနိုင်မည့် မြန်မာသဒ္ဒါကျမ်းများ ပြုစုခြင်း။
၎။ အဖွဲ့၏လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) လိုအပ်သော အဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်ခြင်း။
(ခ) နိုင်ငံတော်၏ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ခြင်း။
(ဂ) ပုဂ္ဂိုလ်ပိုင် စာအုပ်များ၊ စာမူများကို လိုအပ်သည့်အခါ မူပိုင်ဝယ်ယူ၍ အသုံးပြုခြင်း။
(ဃ) မည်သူအားမဆို သင့်လျော်သည့် ဉာဏ်ပူဇော်ခငွေ ချီးမြှင့်၍ စာအုပ်စာတမ်းပြုစုစေခြင်း။
(င) အဖွဲ့၏ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စေခြင်းငှာ ဝန်ကြီးအဖွဲ့ကို လိုအပ်သလို အပ်နှင်းသော အခြားလုပ်ပိုင်ခွင့်များကို ဆောင်ရွက်ခြင်း။

မြန်မာစာအဖွဲ့ဦးစီးဌာန၏ ဆောင်ရွက်မှုများ
၅။ ပြုစုထုတ်ဝေပြီးသော စာအုပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) မြန်မာအဘိဓာန် အကျဉ်းချုပ် (၅) တွဲ
(ခ) မြန်မာသဒ္ဒါကျမ်းများ အတွဲ (၁) မှ အတွဲ (၃)
(ဂ) မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
(ဃ) မြန်မာစကားပုံ
(င) အလိမ္မာပုံဝတ္ထုများ
(စ) မြန်မာအဘိဓာန် ( က မှ အ )
(ဆ) မြန်မာစာ မြန်မာစကား
(ဇ) မြန်မာ အင်္ဂလိပ် အဘိဓာန်
(ဈ) မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းနှင့်ခွဲထား
(ည) မြန်မာဆိုရိုးစကား
(ဋ) ခရီးဆောင်မြန်မာအဘိဓာန်
(ဌ) အင်္ဂလိပ် မြန်မာ အဘိဓာန်
(ဍ) အလိမ္မာပုံဝတ္ထုများ (၂)

၆။ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) မြန်မာအဘိဓာန် (အကြီး)
(ခ) မြန်မာစကားပရိယာယ်ကျမ်း
(ဂ) ကိုယ်ပိုင်အမည်များအဘိဓာန်
(ဃ) စာကိုးအဘိဓာန်
(င) ကွန်ပျူတာသုံးမြန်မာအဘိဓာန် (Lexicom)

၇။ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ရှေးဟောင်းမြန်မာကျောက်စာ ဝေါဟာရအဘိဓာန်
(ခ) မြန်မာဒေသိယစကားအဘိဓာန်
(ဂ) မြန်မာဘာသာစကားဆိုင်ရာ စာတမ်းများ လေ့လာခြင်း
(ဃ) တိမ်မြုပ်ရှေးစာပေနှင့် ဘာသာစကားတို့ကို ဖော်ထုတ်လေ့လာခြင်း

No comments: